အမျိုးသားမြေအသုံးချမှုဆိုင်ရာမူဝါဒလေ့လာသုံးသပ်ချက်
ပထဝီအနေအထားဆိုင်ရာသတ်မှတ်ချက်များအပေါ်မူတည်ပြီးနိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်၊အချုပ်အခြာအာဏာ၊အကျိုးစီးပွားအစရှိသောအရာတို့သည်အများကြီးမူတည်နေပေသည်။နိုင်ငံတစ်နိုင်ငံ၏မြေလွတ်၊မြေရိုင်းများပေါများခြင်းသည်ထိုနိုင်ငံ၏စီးပွားရေး၊လူမှုရေးအစရှိသောတန်းဖိုးများအပေါ်တွင်ရာနှုန်းပြည့်နီးပါးအကျိုးသက်ရောက်မှုရှိနေပေသည်။ထိုအကျိုးစီးပွားများ၏နောက်ဆက်တွဲပြသနာများအနေဖြင့်နိုင်ငံတစ်နိုင်ငံ၏မြေယာများကိုနိုင်ငံပိုင်သယံဇာတတစ်ခုအဖြစ်အလွန်အမင်းစီမံခန့်ခွဲနေခြင်းသည်လည်းနိုင်ငံတွင်းလူတန်းစားကွာဟမှုပြသနာများ၊အသုံးချပိုင်ခွင့်အခွင့်အရေးများအတွက်အငြင်းပွားဖွယ်ပြသနာများ၊စီးပွားရေးဖွံဖြိုးတိုးတက်မှုနှောင့်နှေးခြင်းပြသနာများအပြင်အကြမ်းဖက်မှုများဆီသို့ပင်ဦးတည်စေတတ်ပါသည်။ထိုပြသနာများသည်ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများ၏အဓိကပြသနာများအဖြစ်ဟုပင်ပညာရှင်များကထောက်ပြဝေဖန်မှုများရှိကြပါသည်။မည်သည့်စီးပွားရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေမြေယာပိုင်ဆိုင်မှု၊အသုံးချမှုဆိုင်ရာပြသနာများကိုနည်းလမ်းမှန်ကန်စွာဖြေရှင်းခြင်းမပြုနိုင်ပါကလူတန်းစားတိုက်ပွဲများ၊တရားဥပဒေစိုးမိုးမှုအတွက်စိန်ခေါ်မှုများနှင့်ပြည့်နှက်နေနိုင်ပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပါနှောင့်နှေးစေနိုင်ပါသည်။
ထိုကဲသို့သောပြသနာများကိုဖြေရှင်းရာတွင်မူဝါဒရေးရာဆန်းစစ်လေ့လာမှုသည်လည်းအဓိကနေရာမှပါဝင်ပေသည်။မူဝါဒရေးရာလေ့လာဆန်းစစ်မှုဆိုသည်မှာအငြင်းပွားဖွယ်မူဝါဒဆိုင်ရာပြသနာများကိုစနစ်ကျသောလေ့လာနည်းများကိုအသုံးပြုလျှက်ကောင်းမွန်မှန်ကန်သော၊ပြသနာများကိုဖြေရှင်းပေးနိုင်သောကျိုးကြောင်းဆီလျှော်သောအဖြေများ၊သတင်းအချက်အလက်များကိုထိုမူဝါဒရေးဆွဲရေး၊ကျင့်သုံးစေရေး၊အကောင်အထည်ဖော်စေရေးတွင်အသုံးချစေရေးဟုမူဝါဒရေးရာလေ့လာဆန်းစစ်မှုပညာရှင်”ဒွန်”မှ၁၉၈၁ခုနစ်တွင်ရိုးရှင်းစွာအဓိပ္ပါယ်ဖွင့်ဆိုခဲပါသည်။ထိုသို့မူဝါဒဆိုင်ရာလေ့လာဆန်းစစ်မှုများသည်အငြင်းပွားဖွယ်ပြသနာများကိုအပြီးပြတ်ဖြေရှင်းနိုင်မည်ဟုလည်းယတိပြတ်တွေးထင်၍မရနိုင်ပါ။အကြောင်းမှာတရားဥပဒေဆိုင်ရာရှုပ်ထွေးပွေလီမှုပြသနာများပါအမြစ်တွယ်နေသောကြောင့်ဖြစ်သည်။အထူးသဖြင့်မြန်မာနိုင်ငံတွင်အမျိုးသားမြေအသုံးချမှုနှင့်ဆိုင်သောပြသနာများသည်မူဝါဒဆိုင်ရာလေ့လာဆန်းစစ်မှုတစ်ခုတည်းနှင့်ဖြေရှင်းနိုင်မည်မဟုတ်ပါ။အတိတ်သမိုင်းကြောင်းဆိုင်ရာဥပေဒပြသနာများ၊ခေတ်နှင့်အညီပြောင်းလဲခြင်းမရှိသေးသောလက်ရှိကျင့်သုံးနေသောဥပဒေများအစရှိသောအပြောင်းပြောင်းအလဲလဲဖြစ်နေသောဥပဒေဘောင်အတွင်း၌သာဖြေရှင်းနေရသောကြောင့်ဖြစ်ပါသည်။ဆိုလိုသည်မှာမူဝါဒရေးရာလေ့လာဆန်းစစ်ချက်နှင့်အတူဥပဒေရေးရာပြုပြင်ပြောင်းလဲရေးများကိုပါပူးတွဲလုပ်ဆောင်နိုင်မှသာအောင်မြင်ပေလိမ့်မည်။
မြန်မာနိုင်ငံသည်အတိတ်၏ခါးသီးသောအတွေ့အကြုံများကြောင့်များစွာသောပြသနာများနှင့်အတူဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုစတင်ခဲ့ရသောကြောင့်ထင်သလောက်ခရီမပေါက်ခဲ့ပေ။သမ္မတဦးသိန်းစိန်အစိုးရဦးဆောင်သောပြုပြင်ပြောင်းလဲမှုတို့သည်လည်းမြေယာပြသနာများကိုမဖြေရှင်းနိုင်ခဲ့သောကြောင့်စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအစရှိသောအရာတို့တွင်ပြသနာများစွာရှိနေဆဲပင်ဖြစ်သည်။ယခုဦးထင်ကျော်အစိုးရလက်ထက်တွင်လည်းမြေယာအသုံးချမှုဆိုင်ရာပြသနာများကိုဖြေရှင်းနိုင်ခြင်းမရှိပါကရေရှည်တည်တံ့သောပြုပြင်ပြောင်းလဲမှုများကိုရရှိနိုင်မည်မဟုတ်ပါ။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသည်လည်းတိကျသော၊မှန်ကန်မျှတသောမြေအသုံးချမှုဆိုင်ရာမူဝါဒများ၊ဥပဒေများမရှိပါကရင်းနှီးမြုပ်နှံမှုများပြုလုပ်ကြမည်မဟုတ်ပေ။ထို့အပြင်နို်င်ငံတွင်းမတည်ငြိမ်မှုများ၊အရပ်ဖက်စစ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စများသာမကတိုင်ရင်းသားစည်းလုံးညီညွတ်ရေးမူတိုကို့ပါထိခိုက်လာစေနိုင်ပါသည်။ထိုကြောင့်လယ်ယာမြေပြသနာများ၊မြေပိုင်ဆိုင်မှုဆိုင်ရာပြသနာများသည်တစ်နိုင်ငံလုံးတွင်အရေးတကြီးဖြေရှင်းရမည့်ပြသနာတစ်ရပ်ဖြစ်ပါသည်။
လယ်ယာမြေပြသနာဖြေရှင်းရာတွင်ဝန်ကြီးဌာနမျာအကြားပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းသည်လည်းအဓိကပြသနာတစ်ရပ်အဖြစ်ရှုမြင်နိုင်ပေသည်။၂၀၀၈အခြေခံဥပဒေ၏ကန့်သတ်ချက်များကြောင့်လည်းလယ်ယာမြေပြသနာဖြေရှင်းရာတွင်အချိန်ကြာမြင့်စေပါသည်။စစ်တပ်၏အကျိုးစီးပွားများပါဝင်နေခြင်း၊အစိုးရနှင့်နီးကပ်သောလုပ်ငန်းရှင်ခရိုနီများ၏အကျိုးစီးပွားများရာခိုင်နှုန်းမြင့်မားစွာပါဝင်နေခြင်းများ၊အဂတိလိုက်စားမှုစသောပြသနာများပါရှိနေခြင်းသည်လည်းလယ်ယာမြေပြသနာဖြေရှင်းရာတွင်အဓိကနှောင့်နှေးစေသောပြသနာများဖြစ်ပါသည်။အခြေခံလူတန်းစားတို့၏မြေယာပိုင်ဆိုင်မှု၊မြေယာအသုံးချမှုစသောအကျိုးစီးပွားများကိုအပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိသောကြောင့်အလုပ်အကိုင်ရှားပါးလာခြင်းများ၊ဆင်းရဲနွမ်းပါးမှုပိုမိုမြင့်မားလာခြင်းများ၊လူကုန်ကူးမှုပြသနာများအစရှိသောပြသနာများကိုပါဖြစ်ပွားစေပါသည်။ထို့အပြင်အသိမ်းခံရသောလယ်ယာမြေများတွင်စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်းကြောင့်စက်ရုံအနီးရှိရွာသူ၊သားများသည်သဘာဝဘေးအန္တရာယ်အစရှိသောပြသနာများကိုခံစားရပြီးဆင်းရဲမွဲတေမှုသံသရာကိုရှည်ကြာစေပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တော၊သတ္တုတူးဖော်ရေးစသောမြေအသုံးချမှုဆိုင်ရာများတွင်ရှင်းလင်းတိကျသောဥပဒေများမရှိခြင်းကြောင့်ဥပဒေကိုလက်တစ်လုံးခြားအသုံးပြုနေကြသောလုပ်ငန်းရှင်များ၊ပြည်ပစီးပွားရေးလုပ်ငန်းများကြောင့်ဒေသတွင်းပြည်သူလူထုတို့သည်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊အလုပ်သမားခံစားခွင့်များအပြည့်အဝမရခြင်းများအပြင်မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံရမှုများကိုပါကြုံတွေ့နေရပေသည်။ဓလေ့ထုံထမ်းဆိုင်ရာလယ်ယာမြေပိုင်ဆိုင်ခွင့်တို့ကိုလစ်လျူရှုခြင်းခံထားရသောတိုင်းရင်းသားဒေသများတွင်လည်းထိုပြသနာများကိုအကြောင်းပြုလျှက်ပြည်တွင်းစစ်များကိုပါရှည်ကြာစေတတ်ပါသည်။ကျေးလက်ဒေသများတွင်တိကျမှန်ကန်သောလယ်ယာမြေဆိုင်ရာမြေပုံများ၊အညွှန်များမရှိသောကြောင့်လည်းပိုင်ဆိုင်ခွင့်ဆိုင်ရာဥပဒေပြသနာများတွင်အခက်အခဲများစွာကိုကြုံတွေ့ရပါသည်။ထိုအပြင်မြေယာသိမ်းယူမှုများတွင်နိုင်ငံတော်စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာခေါင်းစဉ်များနှင့်သိမ်းယူကာလျော်ကြေးငွေများပေးအပ်ရာတွင်လည်းလယ်ယာမြေများ၏ကာလပေါက်ဈေးထက်မလျော့သောငွေကြေးများကိုပေးအပ်သင့်ပေသည်။ထိုသို့မဟုတ်ပါကအစားထိုမြေယာပေးအပ်ခြင်းများပြုလုပ်သင့်ပေသည်။သို့မှသာနိုင်ငံတော်နှင့်ပြည်သူများအကြားယုံကြည်မှုပိုမိုခိုင်မြဲလာစေမည်ဖြစ်သည်။
မြေအသုံးချမှုဆိုင်ရာအငြင်းပွားဖွယ်ပြသနာများကိုဖြေရှင်းရာတွင်ကော်မတီများခန့်အပ်ကာဖြေရှင်းရန်လိုအပ်ပေသည်။ထိုသို့ခန့်အပ်ရာတွင်နယ်ပယ်စုံမှကျွမ်းကျင်ပညာရှင်များသာမကပြည်သူလူထု၏ပါဝင်မှုများကိုလည်းပွင့်လင်းမြင်သာမှုအပြည့်နှင့်ဆောင်ရွက်သင့်ပေသည်။သို့မှသာဖြေရှင်းရာတွင်နှစ်ဖက်လူ့အဖွဲအစည်းအကြားယုံကြည်မှုပိုမိုတည်ဆောက်နိုင်မည်ဖြစ်ပေသည်။ထိုအပြင်အရပ်ဖက်လူ့အဖွဲအစည်းများနှင့်ပူးပေါင်းဆောင်ရွက်ကာမှန်ကန်သောလယ်ယာမြေဥပဒေများကိုအခြေခံလူတန်းစားများအားအသိပညာဖြန့်ဝေရေးများကိုလုပ်ဆောင်သင့်ပါသည်။သိမ်းဆည်းမြေများကိုပြန်လည်ပေးအပ်ရာတွင်လည်းအာမခံချက်ရှိသောဥပဒေများကိုပြဌါန်းပြီးစနစ်တကျပေးအပ်သင့်ပေသည်။
စိုက်ပျိုးရေးကိုအခြေခံသောစီးပွားရေးစနစ်မှစက်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်လာသောနိုင်ငံများတွင်လယ်ယာမြေအသုံးချမှုပြသနာများကိုအကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပုံများကိုဒုတိယကမ္ဘာစစ်အပြီးဂျပန်၊တောင်ကိုးရီးယားနှင့်ဗီယက်နမ်အစရှိသောနိုင်ငံများတွင်အကောင်းဆုံးဥပမာများကိုတွေ့နိုင်ပေသည်။ထို့အပြင်စားနပ်ရိက္ခာလုံခြုံရေးတို့အတွက်လည်းလယ်ယာမြေအသုံးချမှုပြသနာတို့ကိုမဖြစ်မနေဖြေရှင်းခဲ့ကြပါသည်။မြန်မာနိုင်ငံတွင်လည်းစားနပ်ရိက္ခာလုံခြုံရေးရှုထောင့်မှအထူးအလေးထားပြီးစဉ်းစားကာလယ်ယာမြေပြသနာကိုဖြေရှင်းရန်လိုအပ်ပါသည်။ထိုပြသနာမျာကိုဖြေရှင်းရာတွင်တစ်ခြားသောနိုင်ငံများ၏အတွေ့အကြုံများကိုပြန်လည်လေ့လာသုံးသပ်သင့်ပေသည်။အာရှဒေသတွင်အင်ဒိုနီးရှား၊အိန္ဒိယနိုင်ငံမှကာရာနာတာကာပြည်နယ်၊ဖိလစ်ပိုင်၊ထိုင်းနိုင်ငံတို့ကို၎င်းအာဖရိကဒေသမှဂါနာ၊တောင်အာဖရိက၊ယူဂန်ဒါအစရှိသောနိုင်ငံတို့ကိုလည်းကောင်း၊လက်တင်အမေရိကနိုင်ငံများဖြစ်သောဘိုလီဗီးယား၊ပီရူးစသောနိုင်ငံများ၏အတွေ့အကြုံများကိုလေ့လာသင့်ပေသည်။အာရှနိုင်ငံအများစုတွင်မူမြေယာပြသနာများသည်ကိုလိုနီခေတ်၏လွှမ်းမိုးမှုအများဆုံးရှိနေတတ်ပေသည်။
မြေယာအုပ်ချုပ်ရေးကိုလည်းစနစ်တကျနားလည်မှသာအငြင်းပွားဖွယ်ပြသနာများကိုစနစ်တကျဖြေရှင်းနိုင်မည်ဖြစ်သည်။မြေယာအုပ်ချုပ်ရေးဆိုသည်မှာမြေယာမူဝါဒများကိုအကောင်အထည်ဖော်ဆောင်ရွက်သောအခါမြေယာများကိုအသုံးချမှု၊တန်ဖိုး၊လုပ်ပိုင်ခွင့်အချက်အလက်များကိုမှတ်တမ်းတင်ထားပြီးစနစ်တကျခွဲခြားဆောင်ရွက်ကာလူအများကလည်းသဘောတူလက်ခံကာဆောင်ရွက်သောဖြစ်စဉ်ဖြစ်သည်။ထိုစီမံခန့်ခွဲမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းလေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံ၏မြေယာအသုံးချမှုပြသနာတွင်တခြားအရေးကြီးသောပြသနာတစ်ခုမှာမူဝါဒများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ချမှတ်ထားသောမူဝါဒများနှင့်သွယ်ဖယ်ကာဆောင်ရွက်နေကြခြင်းပင်ဖြစ်သည်။ထိုသို့ဖြစ်စေသောအကြောင်းအရင်းများမှာဗျူရိုကရေစီယန္တရားတွင်မေရီတိုကရေစီ(Meritocrocy)စနစ်ထွန်းကားမှုမရှိသောကြောင့်လည်းဖြစ်သည်။ထို့ကြောင့်ပြည့်သူ့ဝန်ထမ်းများကိုလည်းစွမ်းရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများပေးပြီးအဂတိလိုက်စားမှုများကိုထိထိရောက်ရောက်အရေးယူသင့်ပေသည်။အဆင့်မြင့်အရာရှိများသာမကအခြေခံဝန်ထမ်းများကိုပါဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊မြေယာပိုင်ဆိုင်မှုသဘောတရားများကိုပါရှင်းလင်းပြောကြားထားရပေမည်။သို့မှသာအဆင့်တိုင်းတွင်မြေယာပိုင်ဆိုင်မှုပြသနာများကိုကြုံတွေ့လာရသောအခါစနစ်တကျနှင့်ဖြေရှင်းနိုင်ပေလိမ့်မည်။
ရှေးယခင်ကတည်းကနိုင်ငံတော်ပိုင်ပစ္စည်များအဖြစ်သတ်မှတ်ထားသောကန့်သတ်ချက်အချို့ကိုပြည်သူပိုင်လုပ်ငန်းများအဖြစ်ခွဲဝေပေးရန်အရေးကြီးလှပါသည်။မွေးမြူရေးလုပ်ငန်းများတွင်အင်းဂရန်များကိုနိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ထားပြီးပုံသေချုပ်ကိုင်ခြင်းအစားဥပဒေများစနစ်တကျသတ်မှတ်ပြီးလုပ်ကိုင်ခွင့်များပေးသင့်ပါသည်။ထိုသို့လုပ်ကိုင်ခွင့်ပေးရာတွင်လည်းလုပ်ကိုင်ခွင်ရသူ၏အကျိုးစီးပွားနှင့်လုပ်ငန်းအတွင်းလုပ်ကိုင်နေကြသောလုပ်သားများ၏အကျိုးစီးပွား၊ရပိုင်ခွင့်များကိုဥပဒေနှင့်စနစ်တကျကာကွယ်ပေးခြင်းများပြုလုပ်ရပေမည်။မြေယာများကို(၁)ဘိုးဘွားပိုင်မြေ(၂)ဥပဒေကြောင်းအရခွင့်ပြုမြေ(၃)စိုက်ပျိုးမြေ(၄)စားကျက်မြေ(၅)မြို့မြေ(၆)ရွာပိုင်မြေ(၇)တပ်မြေ(၈)သာသနာမြေ(၉)မထွန်မယက်သေးသောမြေလွတ်မြေရိုင်းဟူ၍သတ်မှတ်ထားပါသည်။ကိုလိုနီခေတ်ကတည်းကသတ်မှတ်ထားမှုများကြောင့်တချို့သောနေရာများတွင်ပြောင်းလဲရန်လိုအပ်နေပေသည်။
စက်မှုဇုန်းများ၊အထူးစီးပွားရေးဇုန်များများတိုးပွားလာခြင်းကြောင့်မြေယာသိမ်းဆည်းမှုပြသနာများကိုပိုမိုဖြစ်ပွားစေခဲ့ပါသည်။ထိုသို့သိမ်းဆည်းခံရသောကြောင့်စားနပ်ရိက္ခာရှားပါးရေးပြသနာများကိုအဓိကကြုံတွေ့ကြရပါသည်။ထို့အပြင်လူဦးရေအဆမတန်တိုးပွားလာသောအိမ်နီးချင်းနိုင်ငံများမှရွေ့ပြောင်းနေထိုင်လာကြသောလူသားရွေ့ပြောင်းမှုများကြောင့်လည်းမြေယာမြေပိုင်ဆိုင်မှုအငြင်းပွားမှုများကိုဖြစ်စေသည့်အပြင်ဘာသာရေး၊လူမျိုးရေးပဋိပက္ခများကိုပါဦးတည်စေပါသည်။ထိုပြသနာများကိုဖြေရှင်းရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ရှိရန်အရေးကြီးလှပေသည်။ထို့အပြင်ဥပဒေများတွင်ရေးသားထားသောစာသားများအားတိုင်းရင်းသားဒေသများတွင်နားလည်မှုလွဲမှားခြင်းများစသောပြသနာများကိုပါကြုံတွေ့ရပါသည်။
မြေယာပြသနာများကိုဖြေရှင်းရာတွင်ကျား/မတန်းတူညီမျှရေးရှုထောင့်မှလည်းစဉ်းစားသင့်ပေသည်။ဆင်းရဲနွမ်းပါးမှုပြသနာများ၏နောက်ဆက်တွဲပြသနာများကြောင့်ကျား/မတန်းတူအခွင့်အရေးများဆုံးရှုံးမှုများကိုတွေ့မြင်နိုင်ပေသည်။ထို့အပြင်လူကုန်ကုန်မှုခံရသောသူအများစုမှာနိုင်ငံရပ်ခြားသို့အလုပ်လုပ်ကိုင်ရန်အတွက်လာကြသောအမျိုးသမီးများဖြစ်ပေသည်။မိမိတို့ဒေသတွင်လယ်ယာမြေများအသိမ်းခံရသောကြောင့်အလုပ်အကိုင်များရှားပါးကာနေရပ်ကိုစွန့်ခွာလာကြကာလူကုန်ကူးမှုများ၏သားကောင်များအဖြစ်သို့ရောက်ရပေသည်။ထို့ကြောင့်မြေယာပြသနာသည်နိုင်ငံလုံးချီအရေးတကြီးဖြေရှင်းရမည့်ပြသနာတစ်ခုအဖြစ်ဟုအစိုးရမှရှူမြင်သုံးသပ်ရန်အရေးကြီးလှပေသည်။မြန်မာနိုင်ငံလူဦးရေ၏၇၀ရာခိုင်နှုန်းခန့်သည်ကျေးလက်နေပြည်သူများဖြစ်သောကြောင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်မြေယာပြသနာဖြေရှင်းခြင်းသည်အဓိကထောက်တိုင်ပင်ဖြစ်ပေသည်။
အသွင်ကူးပြောင်းစကာလတရားမျှတရေးဟူသောအယူအဆတစ်ရပ်သည်ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင်ရေပန်းစားလေ့ရှိပြီးအောင်မြင်သောနိုင်ငံများ၏သာဓကများလည်းရှိပါသည်။မြန်မာနိုင်ငံ၏မြေယာပြသနာများသည်အသွင်ကူးပြောင်းစကာလတရားမျှတရေးဟူသောအဆင့်မပါဘဲမြေယာပြသာနများကိုဖြေရှင်းနိုင်ပါမည်လောဆိုသည်မှာလည်းသံသယဖြစ်ဖွယ်ပင်ဖြစ်သည်။စစ်အုပ်ချုပ်ရေးအတောအတွင်းအသိမ်းခံခဲ့ရသောလယ်ယာမြေများကိုပြန်လည်ပေးအပ်သည်ဟုဆိုသော်လည်းသိမ်းယူထားသောအရေအတွက်နှင့်နှိုင်းယှဉ်လျှင်ရာခိုင်နှုန်းအနည်းငယ်သာဖြစ်သည်။ထို့အပြင်တရားစီရင်ရေးတွင်လည်းစစ်တပ်၏ပါဝင်ပတ်သတ်နေမှုတို့သည်လည်းမြေယာပြသနာဖြေရှင်းရာတွင်ကြီးမားသောအနှောက်အယှက်ပင်ဖြစ်သည်။အစိုးရ၏မြေယာပြသနာဖြေရှင်းရေးဦးစားပေးရာခိုင်နှုန်းအနည်းအများနှင့်စစ်ဖက်အရပ်ဖက်ဆက်ဆံရေးတွင်အကျိုးစီးပွားထိပ်တိုက်တွေ့ဆုံမှုကိုမည်ကဲသို့ဖြေရှင်းကြမည်နည်းဟူသောအမေးကသာမြေယာပြသနာအတွက်အဖြေပင်ဖြစ်နိုင်ပေသည်။
မြေယာပြသနာဖြေရှင်းရာတွင်ဗဟိုချုပ်ကိုင်မှုလျော့ချရေးသည်လည်းအရေးကြီးလှပေသည်။ဗဟိုချုပ်ကိုင်မှုလျော့လျပြီးမြေယာပြသနာများကိုဆုံးဖြတ်ရာတွင်တိုင်းဒေသကြီး/ပြည်နယ်များ၏လုပ်ပိုင်ခွင့်/ဆုံးဖြတ်ပိုင်ခွင့်များကိုမြင့်တင်ပေးရပေမည်။သို့မှသာဒေသတွင်မြေယာပြသနာများကိုပိုမိုနီးကပ်စွာဖြင့်ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုရသောမြေယာပြသနာသည်မြန်မာနိုင်ငံ၏ရေရှည်တည်တံ့သောဖွံဖြိုးတိုးတက်မှု၏အခြေခံပင်ဖြစ်သည်။မြေယာပြသနာမဖြေရှင်းနိုင်ပါကပြုပြင်ပြောင်းလဲရေးများသည်လည်းရေတိုသာဖြစ်ပေလိမ့်မည်။ထို့ကြောင့်မြေယာပြသနာသည်ပြုပြင်ပြောင်းလဲရေးများ၏အခြေခံကျသောအရာဖြစ်ကြောင်းတွေ့ရှိရပါသည်။ ။
ကျော်ထက်အောင်
ရည်ညွှန်းကိုးကား။ ။
1.
National
Land Use Policy (Draft)
2.
Recommendations
for Implementation of Pro-Poor Land Policy and Land Law in
Myanmar:
(National Data and Regional Practices)
3.
Land
Administration Reform: Indicators of Success, Future Challenges By Tony Burns,
Chris Grant, Kevin Nettle, Anne-Marie Brits and Kate Dalrymple.
4.
Land
By Myanmar Center For Responsible Business.
Comments
Post a Comment